ဆောင်းမှတ်တမ်း
ဆောင်းမှတ်တမ်း
---------------
အလင်းမှုန်တွေ မှုန်မှိုင်းနေတဲ့ဒီဇင်ဘာဟာဆောင်းကို သိမ်းပိုက်ဖို့
ရေခဲစစ်သည်တွေနဲ့ ချီတက်လာတယ်။
အလင်းထောင့်ချိုးတွေ ကျဉ်းမြောင်းလာတဲ့အခါ
မိသားစုတွေ နွေးထွေးဖို့
လူတချို့ဟာ နှင်းတောထဲမှာ အလင်းရှာထွက်ကြ၊
တချို့ အလုပ်ဆင်းရဦးမတဲ့၊
တချို့ အလုပ်နားလို့ မရဘူးတဲ့။
အလုပ်သမားတွေရဲ့ သက်ပြင်းချသံမှာ
ကိုယ်ခန္ဓာက ရေငွေ့တွေ ပါသွားတယ်။
ဦးတည်ရာမသိရတဲ့ ခရုပတ်သဏ္ဍာန်
လေထုနဲ့ နှင်းရနံ့သင်းသင်း နမ်းရှိုက်ခံလိုက်ရတဲ့
နောက်ဆုံးလက်ကျန်
သစ်ရွက်လေးဟာ တုန်ရီဖျော့တော့စွာ
တွဲခိုနေရှာ၊
ကောင်းကင်မှာ လွှင့်မျောနေတဲ့ ရေခဲတောင်ကြီးဟာ
မိုးအဖြစ်၊ နှင်းအဖြစ်
လက်နက်ပုန်းတွေလို ပစ်လွှတ်လာမှာ
သူစိုးရိမ်နေရှာပုံရတယ်။
ဒီဇင်ဘာဆောင်းညမှာ ငွေနှင်းမှုန်ရဲ့
အလင်းယဲ့ယဲ့ဟာ အားနွှဲ့နေရှာတယ်။
တံစက်မြိတ်မှာ ခိုတွဲလာတဲ့ မိုးစက်တချို့ဟာ
ခဏချင်းမှာပဲ အေးစက်စက် ဒါးတလက်လို
ထက်မြတောက်ပလာတယ်။
နှင်းတွေကို ထမ်းပိုးထားတဲ့ ငါ့အိမ်ရှေ့က
နှင်းဆီပင်ပျိုလေးဟာ
ကတိမ်းကယိမ်းနဲ့ သူ့အိန္ဒြေကို ထိန်းဖို့ မတတ်နိုင်ရှာဘူး။
White River မြစ်ရေတွေ ခဲသွားတဲ့အခါ
ငါးတွေ အချမ်းလုံအောင် ဘယ်လိုစောင်ခြုံအိပ်ကြသလဲလို့
မဆိုင်တာ ငါတွေးရင်း
ငါနဲ့ဆိုင်တဲ့ ဗမာပြည်က စစ်ဘေးရှောင်ကလေးတွေ
ဘယ်လို အိပ်ကြသလဲပါ တွေးမိတော့
ငါ့စိတ်တွေ မှုန်မှိုင်းအေးခဲ သွားရတယ်။
ဧရာနဲ့ ချင်းတွင်း သံလွင်မြစ်ရေတွေ
နွေးပါစေလို့ ငါဆုတောင်းမိတယ်။
အသက်ရှုထုတ်လိုက်တဲ့အခါ
ငါ့စိတ်ဟာ အခိုးအငွေ့တွေအဖြစ်
ငါနဲ့ဝေးရာကို လွှင့်ပါးသွားကြတယ်။
ချမ်းငြိမ်း-မှော်၀န်း