တပ်မတော်နေ့ မရှိခဲ့ပါ
-------------------
၁၉၅၅ ခုနှစ်မှ ကနေ့အထိ မတ်လ (၂၇) ရက်နေ့
ရောက်တိုင်း တပ်မတော်နေ့ဟုဆိုကာ
"မအလ" တို့ ပြည်သူကို " ဂျင်း" ထည့်ကြပါသည်။
ဗမာ့ တပ်မတော်သက်တမ်းတလျှောက်တွင်
ဖက်ဆစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သည် ဟူသော
ကိစ္စမှတပါး အခြားကောင်းသည့် အစဉ်အလာ
တခုမှ မရှိပါ။
ထိုဖက်ဆစ်တော်လှန်ရေးတွင်လည်း
နောက်လိုက်၏ နောက်လိုက်နောက်ပါးမှ
နောက်လိုက်၏ နောက်လိုက်မျှသာ ဖြစ်ခဲ့ပါသည်။
"ခါချဉ်ကောင် မာန်ကြီးလို့
တောင်ကြီးဖြိုရန်" ကြံသကဲ့သို့ " သိန်းဖေတယောက်
အိန္ဒိယသို့ ခြေကျင်လျှောက်သော
ခရီးစဉ်သည် ဖက်ဆစ်အကူကိုယူမိသော
တပ်မတော်ကို ကယ်တင်လိုက်လေသည်။"
ဟု ရောဘတ်တေလာ၏ မြန်မာ့တော်လှန်ရေး
သမိုင်းစာအုပ်တွင် ဆိုပါသည်။
ဖက်ဆစ်တော်လှန်ရေးအကြောင်းပြောရရင်
၁၉၄၀ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့မှာ ကျင်းပတဲ့
တို့ဗမာအစည်းအရုံး ကွန်ဖရင့်( ဗဟိုကော်မတီအစည်းအဝေး) မှာ
သခင်သန်းမြိုင်(ကျောက်ဆည်) တင်ပြဆွေးနွေးခဲ့ကြသည့်
အင်းစိန်ထောင်အတွင်းမှာ သခင်စိုးတို့ ရေးသားသည့်
အင်းစိန်စစ်တမ်း ကနေ အစကောက်ရပါမည်။
ထိုစစ်တမ်းပါ သဘောတရားမှာ
"ကမ္ဘာ့ဖက်ဆစ်ဝါဒကို တိုက်ဖျက်ရေး၊
ကမ္ဘာစစ်ကြီးအတွင်းမှာ မဟာမိတ်များနဲ့
တွဲဖက်တိုက်ခိုက်ပြီး ဗမာ့လွတ်လပ်ရေးကို
အရယူရန်" ဖြစ်သည်။
အင်းစိန်စစ်တမ်း၏ အဆက်လို့ ဆိုရမယ့်
မြင်းခြံစစ်တမ်းကို မြင်းခြံထောင်မှာ
သခင်စိုး ရေးပြီး အဲဒီစစ်တမ်းပါ သဘောတရားအတိုင်း သခင်ခေါင်းဆောင်တွေ
ထောင်ကလွတ်တဲ့အခါမှာ တာဝန်ခွဲပြီး အလုပ်လုပ်ကြပါတယ်။
သခင်သိန်းဖေက မဟာမိတ်တို့နှင့် ဆက်သွယ်ရန်
အိန္ဒိယကို သွားပါတယ်။
သခင်စိုးက ပြည်တွင်းမှာ ကျန်ရစ်ပြီး
မြေအောက်ဖက်ဆစ်တော်လှန်ရေးလုပ်ပါသည်။
သခင်သန်းထွန်း၊ သခင်နုတို့က ဂျပန်နဲ့ အာဏာခွဲဝေယူပြီး
လွတ်လပ်တိုက်ပွဲအတွက် ပြင်ဆင်ရန်တို့ ဖြစ်ပါတယ်။
၁၉၄၂ ခုနှစ်ထဲမှာ သခင်စိုး၏
လွတ်လပ်ရေးကျေညာစာတမ်း အမှတ် (၁) နဲ့ အမှတ် (၂) တို့ ထွက်ခဲ့တယ်။
၁၉၄၄ ခုနှစ် ဩဂုတ်လ မှာ
ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး
(ဖတပလ) ဖွဲ့စည်းပြီး
နိုင်ငံရေးတာဝန်ခံ သခင်စိုး၊
စစ်ရေးတာဝန်ခံ ဗိုလ်ချုပ်အောင်ဆန်း နဲ့
နိုင်ငံခြားဆက်သွယ်ရေး တာဝန်ခံ
သခင်သန်းထွန်း တို့ ပူးပေါင်းပြီး
ဖက်ဆစ်တော်လှန်ရေးအတွက် တရားဝင်ဖွဲ့စည်းပါတယ်။
၁၉၄၄ ခုနှစ် အောက်တိုဘာလ (၃) ရက်နေ့မှာ
တော်လှန်ရေးတပ်ဦး ဖွဲ့စည်းပါတယ်။
၁၉၄၅ ခုနှစ် မတ်လ (၁) ရက်နေ့
ဗိုလ်ချူပ်အောင်ဆန်းနေအိမ်၌ ကျင်းပသော
(ဖတပလ) အစည်းအဝေးမှ
တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ကို
မတ်လ (၂၅) ရက်နေ့ဟု
သတ်မှတ်ခဲ့ကြပါတယ်။
နောက် ဧပြီလ ( ၂ ) ရက်နေ့ ဟု ပြောင်းလဲသတ်မှတ်ခဲ့ပေမယ့်
မြန်မာပြည်အထက်ပိုင်းမှာ မတ်လ ( ၈ ) ရက်နေ့မှာ ဗိုလ်မှူးဗထူးက စတင်တော်လှန်ပါသည်။
မတ်လ (၂၁) ရက်မှာ မန္တလေးကို မဟာမိတ်တို့
သိမ်းပါတယ်။
မတ်လ (၂၄ ) ရက်နေ့မှာ ဗိုလ်ကျော်ဇောက
မတ်လ (၂၇) ရက်နေ့မှာ တော်လှန်ရေးစတင်ရန်
တင်ပြခဲ့တာကြောင့် မတ်လ (၂၇) ရက်နေ့ကို
တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။
သို့ပေမယ့် ၁၉၄၄ ခုနှစ် မကုန်မီကပင်
ရခိုင်မှာ ၁၉၃၆ ကျောင်းသားခေါင်းဆောင်
ကိုညိုထွန်း ဦးဆောင်ပြီး ဖက်ဆစ်ဂျပန်ကို
စတင်တော်လှန်ပါသည်။
ဖက်ဆစ်တော်လှန်ရေးတွင် "ကရင် မြန်မာ ပြောက်ကျားတပ်များ"က ဖက်ဆစ်ဂျပန် (၁၂,၅၀၀) ကို
သတ်နိုင်ခဲ့သည်ဟုသာ သမိုင်းမှတ်တမ်း
ကျန်ရစ်ခဲ့ပေမယ့်
တပ်မတော်၏ ဖက်ဆစ်တော်လှန်ရေးတွင်
ထူးခြားပြောင်မြောက်သော လုပ်ဆောင်ချက်များ
ကိုမူ သမိုင်းတင်စရာ မရှိခဲ့ပေ။
ထို့ကြောင့်ပင် တပ်မတော် ဖွဲ့စည်းပြီး
(၁၀) နှစ်ကျော်သည်အထိ တပ်မတော်နှင့်
ပတ်သက်သော နေ့ထူးနေ့မြတ်ဟူ၍ မရှိခဲ့
မသတ်မှတ် နိုင်ခဲ့ပေ။
မတ်လ (၂၇) ရက်နေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့ အဖြစ် ၁၉၄၆ ခုနှစ်မှ စတင် ကျင်းပခဲ့ပါသည်။
သို့သော် ဖက်ဆစ်တော်လှန်ရေး (၁၀) နှစ်ပြည့်
၁၉၅၅ ခုနှစ် အရောက်မှာတော့
ဖက်ဆစ်တော်လှန်ရေးနေ့ကို " တပ်မတော်နေ့" အဖြစ် လိမ်လည်သတ်မှတ် လိုက်ပါတော့သည်။
ဘာကြောင့်ဟု ထင်ပါသလဲ ။
ရှင်းပါသည်
အထက်မှာ ကျနော် တင်ပြခဲ့သလို
"ဗမာ့ တပ်မတော်သက်တမ်းတလျှောက်တွင်
ဖက်ဆစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သည် ဟူသော
ကိစ္စမှတပါး အခြားကောင်းသည့် အစဉ်အလာ
တခုမှ မရှိ၍" ဖြစ်ပါသည်။
တပ်မတော်သည် စိန်နားကပ်အရောင်ကြောင့်
ပါးပြောင်နေသော ပြည်တန်ဆာမ တဦးနှင့်
တူပါသည်။
ထိုစိန်နားကပ် (ဝါ) ဖက်ဆစ်တော်လှန်ရေး
ကိုသာ တသသ လုပ်နေရပါသည်။
အနီးကပ်ကြည့်မှ ထိုစိန်နားကပ် သည်ပင်
စိန်အစစ် မဟုတ် ပုလင်းကွဲ တစသာ
ဖြစ်နေပါတော့သည်။
ကိုးကား -
ဝင်းတင့်ထွန်း - အမှောင်ကြားကဗမာပြည်
ကြေးမုံဦးသောင်း - ခေတ်ပြိုင်၏ စစ်ဝါဒီတိုက်ပွဲ
ဗိုလ်မှူးဘရှင် - သမိုင်းစာတမ်းများ
သခင်တင်မြ - ဘုံ ဘဝမှာဖြင့်
No comments:
Post a Comment